Skip to Content

‘ညောင်ရွက်လေးတွေ ဘာကြောင့်လိပ်’❓

‘ညောင်ရွက်လေးတွေ ဘာကြောင့်လိပ်’

Hellooooo

အခုဆို မြန်မာတစ်ဆယ့်နှစ်လမှာ ဒုတိယမြောက်ဖြစ်တဲ့ အပူဓာတ်လွန်ကဲလွန်းတဲ့ ကဆုန်လရောက်နေပါပြီ၊ ဒါကြောင့် အရင်ဆုံးမှာချင်တာကတော့ ပူပြင်းလှတဲ့နွေရာသီကြီးမှာ ရေသောက်ဖို့မမေ့ကြပါနဲ့နော်။

ဒါနဲ့ ရှေးလူကြီးတွေ ‌အရင်က ရေသောက်ဖို့ ခွက်အနေနဲ့ သုံးကြတဲ့ အရွက်တစ်မျိုးရှိတာသိကြလား။

အနီးနားပတ်ဝန်းကျင်မှာပဲရှိပြီး သတိမထားမိတဲ့ အပင်လေးပေါ့၊ ဘာလို့လဲဆိုတော့ သူကရေသောက်လို့ရတဲ့ပုံလေး အမြဲမဖြစ်နေပါဘူး။ ဖြစ်ချင်တဲ့အချိန် ထဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်။

အရင်ဆုံး ဘာပင်လေးလဲဆိုတာကိုပြောပြမယ်၊ အဲ့တာကတော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် အထင်ကရဖြစ်ပြီးပူဇော်ထိုက်တဲ့ အပင်ထဲမှာပါတဲ့ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူခဲ့တဲ့ (ဗောဓိ) ညောင်ပင် ပဲဖြစ်ပါတယ်။ ဒီညောင်ပင်ကြီးရဲ့ အရွက်တွေတွေဖြစ်တဲ့ ညောင်ရွက်လေးတွေ ကန်တော့ထိုးတာကိုကြားဖူးကြမယ်ထင်ပါတယ်။ ညောင်ရွက်လေးတွေက ကန်တော့ပုံလေးတွေ ကွေးသွားကြတာမျိုးကို ကန်တော့ထိုးတာလို့ခေါ်ပြီး အဲ့လိုလေးကွေးရင် ရှေးလူကြီးတွေက ခွက်အနေနဲ့ အဲ့ညောင်ရွက်လေးတွေကိုသုံးပြီး ရေသောက်တတ်ကြတယ်တဲ့။

အခု ညောင်ရွက်လေးတွေ ကွေးရတဲ့ အကြောင်းလေးတွေကိုပြောပြပေးမယ်နော်။

တချို့အပင်တွေက ရေပမာဏများစွာကို လေထုထဲစွန့်ပစ်တဲ့ ပင်ငွေ့ပျံခြင်းလို့ခေါ်တဲ့ Transpiration ဖြစ်စဉ်ကိုကျင့်သုံးတတ်ကြပါတယ်။

ရေကို နေရာအစုံကနေ ရနိုင်အောင်လို့ ညောင်မုတ်ဆိတ် (ခေါ်) အကိုင်းကထွက်ပြီး အမြစ်တွေတောင်ရှိတဲ့ ရေကြိုက်တဲ့ညောင်ပင်ကြီးက အခုလို ပူပြင်းလွန်းတဲ့နွေဆို ရေဓာတ်လုံလုံလောက်လောက် မရနိုင်ပါဘူးတဲ့။

ရေဓာတ်လုံလုံလောက်လောက်မရတဲ့ သူတို့အနေနဲ့ ပင်ငွေ့ပျံတာကိုဘယ်လုပ်နိုင်ပါတော့မလဲနော်။ အဲ့တော့ ညောင်ပင်ကြီးတွေက သူတို့မှာ ရှိတဲ့ရေဓာတ်လေးဆုံးရှုံးမှာကြောက်လို့ နေ့အခါမှာပွင့်နေတတ်တဲ့ အရွက်က လေပေါက်လေးတွေကိုလိုက်ပိတ်ဖို့ အရွက်ကလေးကို ကျုံ့သွားအောင် လိပ်ပစ်လိုက်ရတာပါတဲ့။

သတိထားမိကြမလားတော့မသိဘူး၊ ညောင်ပင်ကြီးတွေအောက်ရောက်သွားရင် အေးသွားသလိုပဲ၊ အဲ့တာသူတို့ ပင်ငွေ့ပျံထားတဲ့ ရေငွေ့တွေကြောင့် သစ်ရိပ်‌လည်းရအေးလည်းအေးတာပါနော်။

ပြီးတော့‌ ညောင်ရွက်လေးတွေကန်တော့ထိုးတာနဲ့ပတ်သတ်တဲ့ "ညောင်ရွက် ကန်တော့ထိုးခြင်း" ဆိုတဲ့ အဆိုလေးတစ်ခု ရှိပါသေးတယ်။ အဲ့တာက ဗုဒ္ဓမြတ်စွာဘုရားကို လူတွေ ညောင်ရေသွန်းပြီး ပူဇော်ကြသလို ညောင်ရွက်လေးတွေက‌လည်း ကန်တော့နေကြပါတဲ့။

အခုဆိုရင် ဘာလို့ ညောင်ရွက်လေးတွေက ကန်တော့ခွက်လေးတွေလို ကွေးပြီးလိပ်သွားကြတဲ့အကြောင်းအရင်လေး သိသွားကြပြီထင်ပါတယ်။ ဆိုတော့ အေးအေးလေးနဲ့အရိပ်ခို ချင်ရင်တော့ အဲ့လိုညောင်ရွက်လေးတွေကွေးနေတာမြင်မိရင် ရေလေးလောင်းပေးလိုက်ပါ‌အုံးနော်။

Content by - Myat Noe Htet

Graphic by - Shirlene

Share this post
Archive
🍃လူသားတွေ သိပ်သတိမထားမိသေးတဲ့ ကမ္ဘာကြီးကိုအကျိုးပြုနေသော အပင်လေးအကြောင်း 🍃