လူသားတွေ သိပ်သတိမထားမိသေးတဲ့ ကမ္ဘာကြီးကိုအကျိုးပြုနေသော အပင်လေးအကြောင်း
ကမ္ဘာပေါ်မှာ အပင်မျိုးစိတ်ပေါင်းများစွာရှိပြီး လောကပတ်ဝန်းကျင်ကြီးကို တစ်နည်းတစ်ဖုံစီ အကျိုးပြုရင်း ရှင်သန်နေကြပါတယ်
ဒီနေ့မှာတော့ လူသားတွေ သိပ်သတိမထားမိကြသေးပေမဲ့ တစ်ပင်လုံးနီးပါး အသုံးဝင်ပြီး ကမ္ဘာကြီးကိုအကျိုးပြုနေတဲ့ အပင်လေးတစ်ပင်အကြောင်းကို မျှဝေပေးပါရစေရှင်...
အဲ့အပင်လေးဟာဆိုရင် မြန်မာ့ကျေးလက်ဒေသနဲ့ တွဲဖက်ပြေးမြင်မိရာ "ထန်းပင်" ကလေးပဲဖြစ်ပါတယ်နော်...
"ထန်းပင်" ဆိုတာ မြန်မာ့ဓလေ့ထဲ ဂုဏ်ကျက်သရေဆောင် အလှတရားနဲ့ ပြည့်စုံပြီး ကမ္ဘာကြီးကိုအကျိုးပြုဖို့ ရှင်သန်ပေးနေတဲ့အပင်တွေထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်
ပြောရရင် ကမ္ဘာကြီးကိုအကျိုးပြုဖို့ ရှင်သန်နေတဲ့အပင်ဆိုသလိုပဲ "ထန်းပင်" ဟာ တစ်ပင်လုံးနီးပါး အသုံးဝင် အကျိုးရှိစေပါတယ်နော်
အဲ့ဒီလို အကျိုးရှိစေတာကြောင့် ထန်းပင်တို့ရဲ့ ပေါက်ဖွားရာမွေးရပ်မြေက ဒေသခံတွေအတွက် စီးပွားအရလည်း အထောက်အကူပြုပါသေးတယ်ရှင်
"ထန်းပင်" ကနေ စားသုံးနိုင်သော အစိတ်အပိုင်းများအဖြစ်....
ထန်းရည်
ထန်းရည်ကို သဘာဝအချိုရည်၊ ယမကာအဖြစ် သောက်သုံးနိုင်ပြီး ချက်ပြုတ်မှုမှာလည်း အသုံးပြုနိုင်ပါတယ်။
ထန်းလျက်
ထန်းရည်ကို ချက်လုပ်ပြီး သကြားအဖြစ် အစားထိုးသုံးစွဲနိုင်သလို အုန်းထန်းလျက်၊ ပဲထန်းလျက်စတဲ့ သရေစာမုန့်တွေအဖြစ်လည်း ထုတ်လုပ်နိုင်ပါတယ်။
ထန်းသီး
အခြောက်လှမ်းကာ ထန်းသီးခြောက်အဖြစ်စားနိုင်တဲ့အပြင် လတ်လတ်ဆတ်ဆတ်နဲ့ ထန်းသီးမုန့်အဖြစ်ပါ စားသုံးနိုင်ပါတယ်။
ထန်းဖူး
ထန်းဖူးကိုတော့ ဟင်းလျာတစ်ခုအနေနဲ့ ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ကျေးလက်အညာဒေသမှာ ထန်းဖူးနဲ့ ချက်တဲ့ဟင်းတွေရဲ့ အရသာကလည်း ရွှေတစ်ခွက်ပါပဲရှင်။
နောက်ပြီး အိမ်သုံးပစ္စည်းတွေအဖြစ်....
ထန်းရွက်
မိုးကာပလပ်စတစ်၊ စက္ကူ၊ ဝါး၊ ပန်းကန်ပြား၊ အိမ်အမိုးအုပ်ခြင်း အစရှိတာတွေကို ပြုလုပ်နိုင်ပါတယ်။
ထန်းမြစ်
ဆေးဖက်ဝင်စေတဲ့အတွက် မြန်မာ့ဆေးလောကမှာ အသုံးဝင်ပြီး ဆေးဝါးပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် ထန်းမြစ်ကို မီးဖုတ် (သို့) ပြုတ်ပြီး သရေစာမုန့်အဖြစ်လည်း စားသုံးကြပါသေးတယ်။
ထန်းကိုင်း၊ ထန်းလက်နဲ့ ထန်းခက်
မီးဖိုချောင်သုံး ထင်းအဖြစ် အသုံးပြုနိုင်သလို လူနေအိမ်၊ ခြံစည်းရိုးအဖြစ် ကာရံအသုံးပြုရာမှာလည်း သုံးနိုင်ပါတယ်။ နောက်ပြီး ထန်းခေါက်တောင်းများ၊ ထန်းယပ်တောင်များအဖြစ်လည်း ယက်ကာ အသုံးပြုနိုင်ပါသေးတယ်ရှင်။
ဒါ့အပြင် စီးပွားဖြစ် ထုတ်လုပ်မှုအနေနဲ့ ထန်းရည်မှ ယမကာပြုလုပ်ပြီး ထန်းအရက်ထုတ်လုပ်ခြင်း၊ ထန်းရွက်ကိုသုံးကာ ပန်းပု၊ အိမ်သုံးပစ္စည်းများ ပြုလုပ်ရောင်းချခြင်းတွေကိုလည်း လုပ်ဆောင်ကြပြန်ပါတယ်
ဒီလိုနဲ့ "ထန်းပင်" က လူသားတွေကိုပဲ အကျိုးပြုနေသလားလို့ မထင်လိုက်ပါနဲ့ဦးနော်....
"ထန်းပင်" တွေက သဘာဝပတ်ဝန်းကျင် အတွက်လည်း သေချာပေါက် အကျိုးပြုသေးတာပေါ့ရှင်
ဘယ်လိုအကျိုးပြုတာလဲဆိုရင်....
"ထန်းပင်" က မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးသလို ရာသီဥတုပူပြင်းမှုကို လျော့ချပေးတဲ့အတွက် သဘာဝလေကောင်းလေသန့်များကို ရရှိစေပါတယ်။
ဒါကြောင့် "ထန်းပင်" ဟာ ကမ္ဘာပေါ်ရှိ သက်ရှိတိုင်းအတွက် စားဝတ်နေရေး၊ စီးပွားရေး၊ ကျန်းမာရေးအပြင် သဘာဝပတ်ဝန်းကျင်အထိပါ ကာကွယ်အကျိုးပြုနေတဲ့ "အသက်သွေးကြောတစ်ခု" ဆိုလည်း မမှားပါဘူးရှင်...
ဒီလို အဖိုးတန်တဲ့ ထန်းပင်တွေကို ထိန်းသိမ်းကာကွယ်ပြီး နောက်လာမယ့်မျိုးဆက်သစ်တွေလည်း "ထန်းပင်" ရဲ့ အကျိုးကျေးဇူးတွေကို ခံစားရရှိစေဖို့ အတူတူဂရုစိုက်ကြပါစို့နော်...
Content by - Thit Khit Marn
Graphic by - Shirlene